ထိုင်းနိုင်ငံနှင့် (၂)မိနစ်ခန့်ဝန်းကျင်သာ ဝေးကွာသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ တာချီလိတ်မြို့လေးသည် လူမှုရေး၊ ဘာသာရေး စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို အံ့သြစရာကောင်းလောက်အောင် အပြိုင်အဆိုင်ဆိုသလိုပင် လူမှုကူညီရေးအသင်းအဖွဲ့များ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပေါ်လာရာ ယခုအခါမှာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ နာရေးအဖွဲ့ စသည့် ကဏ္ဍအသီးသီးတို့ဖြင့် ဖွဲ့စည်းထားသည့် အသင်းများမှာ အခမဲ့ကူညီပေးသည့် အသင်းအဖွဲ့ (၁၅)ဖွဲ့ ၀န်းကျင်ရှိကြောင်း လေ့လာသိရှိရသည်။


တာချီလိတ်မြို့တွင် သာရေးနာရေး နှင့်ပတ်သက်၍
  1. မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း
  2. အလင်းရောင်ပရဟိတအသင်း
  3. မဇ္ဈိမလူမှုကူညီရေးအသင်း
  4. တာချီလိတ်နာရေးကူညီမှုအသင်း
  5. လူမှုကရုဏာအသင်း - မယ်ဆိုင်
      အဆိုပါ အသင်းများသည် မရှိနွမ်းပါးနှင့် အကူအညီ အမှန်တကယ်လိုအပ်နေသော မိဘပြည်သူများ အတွက် များစွာအကျိုးရှိသော အသင်းများဖြစ်ပြီး ၎င်းအသင်းများသည် သာရေး၊ နာရေးစသည့် လူမှုကူညီရေးကိစ္စများနှင့် ပတ်သက်၍ အခမဲ့ ကူညီပေးနေသော စေတနာအရင်းခံ အသင်းများဖြစ်ပါသည်။

တရားပွဲများ ကျင်းပပြုလုပ်သည့် အသင်း/အဖွဲ့များအနေဖြင့်
  1. အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့
  2. အလင်းရောင်ပရဟိတအသင်း
  3. လူမှုကရုဏာအသင်း - မယ်ဆိုင်
  4. မဇ္ဈိမလူမှုကူညီရေးအသင်း
       အထက်ပါ အသင်းများအနက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့သည် တရားပွဲများကိုသာ အစဉ်တစ်စိုက် သီးသန့် ပြုလုပ်နေခဲ့သည်မှာ ယခုဆိုလျှင်(၂၀၁၄၊ မတ်လ) တရားပွဲအကြိမ်အရေအတွက်မှာ (၂၅)ကြိမ်မြောက်ဖြစ်ခဲ့ပြီး ကျန်အသင်း (၃)သင်းသည်လည်း တရားပွဲများကို မကြာမကြာ ကျင်းပလေ့ရှိသည်။

ဇီဝိတဒါ အခမဲ့ ဆေးကုခန်းများအနေဖြင့်
  1. ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း
  2. အဆွေတော် မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ( ကုသိုလ်ပြု အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ ) 
      ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့အနေဖြင့် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ထပ်မံဖွဲ့စည်းထားသည့် ဇီဝကအခမဲ့ ဒါနဆေးကုခန်းသည် မရှိနွမ်းပါးများအား  အခမဲ့ ဆေးဝါးကုပေးနေသော အသင်းဖြစ်ပြီး တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ်မှာ သွားလာရ ခက်ခဲသော တိုင်းရင်းသား ကျေးရွာများသို့ သွားရာက်၍ ရွေ့လျား ဆေးကုသပေးခြင်း အဖြစ် သွားရောက် ဆေးကုပေးလေ့ရှိသော အသင်းဖြစ်ပြီး အဆွေတော် မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည် ပုဂ္ဂလိက အကျိုးစီးပွားအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း တစ်ဖက်တစ်လမ်းမှ  ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် အထူးသီးသန့် ကုသိုလ်ဖြစ် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးခြင်း အဖြစ် ကုသပေးလျှက်ရှိသော (၂၄)နာရီ ဆေးခန်းဖြစ်ပါသည်။

   စေတနာရှင် အလှူရှင်များအနေဖြင့် တာချီလိတ်မြို့ရှိလူမှု့ကူညီရေး အဖွဲ့အစည်းများကို လေ့လာလို၍ဖြစ်စေ၊ လှုဒါန်းလို၍ဖြစ်စေ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်လို၍ဖြစ်စေ အများအတွက် အကျိုးရှိစေရန် အတွက် တာချီလိတ်အွန်လိုင်းမှ အထူးရည်ရွယ်ကာ "တာချီလိတ်မြို့ရှိ လူမှုအဖွဲ့အစည်းများ" အဖြစ် ဖန်တီး၍ တာချီလိတ်မြို့နှင့် တာချီလိတ်မြို့ အနီးရှိ လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကြောင်းအရာ အချက်အလက်များကို ရှာဖွေ စုစည်း၍ ဖော်ပြပေးထားပါသည်။ 

    အဆိုပါ Webpage သို့ သွားရောက်၍ မိမိတို့ လေ့လာ သိရှိလိုသော အသင်းအဖွဲ့များကို ကြည့်ရှု့နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍လည်း တာချီလိတ်အွန်လိုင်းအနေဖြင့် အဆိုပါ Webpage တွင် တာချီလိတ်မြို့အနီးရှိ လူမှုကူညီရေးအသင်းအဖွဲ့များကို ထပ်မံဖြည့်စွက်ပေးသွားမှာဖြစ်ပါသည်။

တာချီလိတ်မြို့ရှိ လူမှုအဖွဲ့အစည်းများ
Email: tachileik@tachileik.net
ရေးသားသူ ။       ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~